၁၉၇၅ ငလျင် လှုပ်ခတ်မှုအပြီး
အာနန္ဒာစေတီတော်ကြီးအား တွေ့မြင်ရပုံ

ပုဂံဒေသရှိ ဘုရားများအနက် အာနန္ဒာဘုရားကြီးအား ခေတ်အဆက်ဆက်က ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းများကို အများဆုံး ဆောင်ရွက်ခဲ့ကြသည်။ ပြုပြင်ခဲ့ဆုံးသော အချိန်ကာလမှာ ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရားလက်ထက် အိမ်ရှေ့မင်းက ဦးဆောင်ပြုပြင်သော အချိန် ဖြစ်သည်။ အာနန္ဒာဘုရားကြီးနှင့်အတူ ပိဋကတ်တိုက်၊ ရွှေဂူကြီးဘုရားတို့ကိုလည်း ပြုပြင်ခဲ့သေးသည်။ သို့ဖြစ်၍ အာနန္ဒာဘုရားကြီးမှာ ကုန်းဘောင်ခေတ်လက်ရာ၊ ခြင်္သေ့များ၊ အရံစေတီများ၊ နတ်ရုပ်များ၊ မုခ်တံကဲများကို တွေ့မြင်ရခြင်းဖြစ်သည်။

ပုဂံဒေသတွင် လှုပ်ခတ်ခေဲ့သော ငလျင်များ၏ မှတ်တမ်းများအရ နှစ်(၂၀၀)လျှင် တစ်ကြိမ် ပြင်းထန်သော ငလျင်ကို ခံစားကြရသည်။ သို့သော် ၁၉၇၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင်မူ (၄၁)နှစ်သာခြား၍ ငလျင်လှုပ်ခတ်ခဲ့သည်ကို တွေ့ရသည်။ ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အာနန္ဒာဂူဘုရားကြီးမှာ အထွဋ်စေတီနှင့် ကွမ်းတောင်ကြီးတို့ ကြီးမားစွာ ပျက်စီးခဲ့ရသည်။

၁၉၇၅ ခုနှစ် ငလျင်လှုပ်အပြီး ပညာရှင်များ၊ ‌ဒေသခံများ၊ ဂေါပကအဖွဲ့များနှင့် အာနန္ဒာဘုရားကြီး ပြုပြင်ရန် အကြိမ်ကြိမ်အစည်းအဝေးများထိုင်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ရသည်။ မူလကွမ်းတော်ကြီးအား ရေရှည်တည်တံ့ခိုင်မြဲစေရန် အလေးဝန်လျော့ခြင်းလုပ်ငန်းနှင့် မူလပုံမပျက် ကြံ့ခိုင်မှုဆောင်ရွက်သည့်လုပ်ငန်းကို ဆုံးဖြတ်ကြသည်။ ကွမ်းတော်ကြီးမှာ အမြင့် (၃၂)ပေ၊ အောက်ခြေအကျယ် (၂၄)ပေနှင့် ထိပ်ဝအကျယ် (၁၂)ရှိသည်။

ကွမ်းတော်ကြီး၏ ပုံသဏ္ဍန်အတိုင်း မူလအုတ်များအား ရေတွင်းသဖွယ် တူးဖော်၍ ဘေးနံသားကို RCC နံရံကာ၍ ကြံ့ခိုင်စေပါသည်။ အနက် (၃၂)ပေ တူး၍ ယင်း RCC နှင့် မူလကွမ်းတောင်ကို စွန်ငုပ်များဖြင့် ပင့်ထမ်းထားပြီး Slab လောင်းထားပေးပါသည်။ RCC မဏ္ဍိုင်နှင့် Steel အခွံတို့ကို Slab ပြား (၆)ဆင့်ဖြင့် တွဲ၍ တုတ်နှောင်ပေးထားသည်။ အထွဋ်စေတီအတွက် ကလပ်၊ ကလပ်တိုင်၊ ခေါင်းလောင်း၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ကြာမှောက်၊ ရွဲ၊ ကြာလှန်၊ ခရေသင်း အထိတိုင်အောင် သံကူကွန်ကရစ်များဖြင့် အခေါင်းပွ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အထူးသဖြင့် အထွဋ်စေတီနှင့် ကွမ်းတော်ကြီးကို သီးခြားစီဖြစ်မနေဘဲ တစ်ဆက်တည်းတွဲ၍ ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် သြဂုတ်လ (၂၄)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိကြောင်း တွေ့ရှိရပါသည်။ ယင်းသည်ပင် ၁၉၇၅ ခုနှစ်က စနစ်တကျ ဆောင်ရွက်ခဲ့မှု၏ ရလဒ်အဖြစ် မြင်တွေ့ရပါသည်။