
ကျန်စစ်သားမင်း၏ရုပ်တု
ပုဂံခေတ်တွင် အနော်ရထာမင်းသည် ပုဂံကျောက်ဆည်တဝိုက် အနေမှ ယခုပြည်ထောင်စုမြန်မာနိုင်ငံတော် အနေနီးပါးအထိ ကျယ်ဝန်းလာအောင် နိုင်ငံတော်သစ်ကို တည်တော်မူခဲ့သည် မှန်သော်လည်း ထိုမင်း နတ်ရွာစံပြီးနောက် နိုင်ငံသစ်ကို တည်တံ့ခိုင်မြဲအောင် ဆက်လက်ဆောင်ရွက်နိုင်သူမှာ ထီးလှိုင်ရှင် ကျန်စစ်သားမင်းပင် ဖြစ်ပါသည်။
ကျန်စစ်သာမင်းကြီးသည် ခမည်းတော်မှာ အနော်ရထာမင်းနှင့် မိခင်မှာ ပဉ္စကလျာဏီ မင်းသမီးတို့ ဖြစ်ကြသည်။ ရာဇဝင်အချို့တွင် အနော်ရထာမင်းက မင်းလောင်းပေါ်သည်ဟု ဟူရာဖြူ၊ ဟူရာညိုတို့က လျောက်ထားရာ နန်းအရာကို လုယူမည့်သူဟု အထင်ရှိသဖြင့် အသက်အရွယ်အလိုက် ကွပ်မျက်ခဲ့သည်ဟု ဆိုကြသည်။ ထိုမင်းလောင်းမှာ အနော်ရထာမင်းလက်ထက်တွင် မဟုတ်ဘဲ သားတော်၏နောက်မှ ဖြစ်ပေါ်လာမည့် မင်းဖြစ်ကြောင်း ပြန်လည်လျှောက်တင်ကြသဖြင့် မင်းကြီးသည် နှလုံးမသာမယာဖြစ်ရ၍ ရဟန်းတော်များကို နန်းတော်၌ ဆွမ်းကပ်လှူခဲ့သည်။ ရဟန်းတော်များကို ရေကပ်လှူစဉ် မင်းလောင်း၏ အာခေါင်မှ အရောင်ထွန်းလင်းတောက်ပနေသည်ကို တွေ့ရသဖြင့် အဆိုပါ ရဟန်းပျိုကို လူထွက်ပြီး ကျန်စစ်သား ဟူသော ဘွဲ့ချီးမြှင့်၍ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့နှင့်အတူ အနော်ရထာမင်းကြီး၏ အပါးတွင် ခံစားစေသည်ဟု ရာဇဝင် အချို့တွင် ဆိုကြသည်။
ကျန်စစ်သားမင်းအား ကျောက်စာများ၌ ဂြီတြိဘုဝနာဒီတျဓမ္မရာဇာ ဟု၎င်း၊ ထီလိုင်မင်း ဟု၎င်း၊ ထီလိုင်သျှင် ဟု၎င်း၊ ကလန်စစ်သား ဟု၎င်း ခေါ်လေသည်။ ကျန်စစ်သားသည် မင်းမဖြစ်မီ ထီးလှိုင်(ယခု မိတ္ထီလာခရိုင်၊ ထီးလှိုင်ရွာ)အရပ်ကို အုပ်ချုပ်ခဲ့ဘူးသောကြောင့် ဖြစ်သည်ဟု ယူဆကြသည်။
ရာဇဝင်များ၌ လည်းကောင်း၊ လှည်းထောက်ကျောက်စာ၌၎င်း၊ ကျန်စစ်သားမင်းသည် အနော်ရထာမင်း၏ သားတော် ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျန်စစ်သား မင်းသည် ချင်းတွင်းမြစ်ဝအနီး၊ လက်ဝဲဖက် မြစ်ကမ်းရှိ မရိမ္မအရပ်၌ ဖွားမြင်သည်။ ဖွားမြင်သော ခုနှစ်ကို သက္ကရာဇ် ၄၀၂ ဟူ၍ ယူဆနိုင်သည်။ ၄၄၆ ခုနှစ် (ခရစ် ၁၀၈၄ ခုနှစ်)တွင် ပုဂံ၌ မင်းအဖြစ်ကို ရ၍ ၂၈ နှစ် အုပ်စိုးပြီးနောက် ၄၇၄ ခုနှစ် (ခရစ် ၁၁၁၃ ခုနှစ်) သက်တော် ၇၀ ကျော်တွင် လွန်တော်မူသည်။
ကျန်စစ်သားမင်းသည် နိုင်ငံတော်၏ အကျိုးစီးပွားကို လိုလား၍ ဉာဏ်အမြော်မမြင် ကြီးသော မင်းဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး တရားမျှတစွာ အုပ်ချုပ်သော မင်းဖြစ်ပြီး၊ တိုင်းတပါးတို့နှင့် အချစ်အကြည်ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူနိုင်သော မင်းဖြစ်ပေသည်။ အနော်ရထာမင်းကြီး တည်ထောင်ခဲ့သော မြန်မာနိုင်ငံကို အနှစ် ၂၀၀ မျှ ဆက်လက်တည်တံ့အောင် ၃၀ မျှသော နန်းစံနှစ် ကာလအတွင်းတွင် ဆောင်ရွက်တော်မူခဲ့သည်။
