ပုဂံမြို့တော်ကို နေရာ လေးနေရာ ရွှေ့ပြောင်းနန်းစိုက်ခဲ့ ပြီး မင်းဆက်ပေါင်း (၅၅)ပါးစိုးစံခဲ့ကြောင်း ရာဇဝင်ကျမ်းများနှင့် ကျန်စစ်သားမင်း နန်းတည် မွန်ကျောက်စာတို့အရ သိရှိရပါသည်။

  • ပထမ မြို့ဟောင်းကို သမုဒ္ဒရာဇ် မင်းက ခရစ်နှစ် ၁၀၈ ခုနှစ်တွင် တုရင်တောင် အရှေ့ဘက် ယုန်လွှတ်ကျွန်း အရပ်၌ လည်းကောင်း ။
  • ဒုတိယ မြို့ဟောင်း( သီရိပစ္စယာ မြို့ဟောင်း) ကို ပုဂံမင်းဆက် (၇)ဆက်မြောက် မင်းက ကျောက်စကားအရပ်၌ လည်းကောင်း ။
  • တတိယ မြို့ဟောင်း (တမ္ပဝတီမြို့ဟောင်း) ပုဂံမင်းဆက်(၁၂)ဆက်မြောက်မင်း သိုက်တိုင်မင်းက အနောက်ဖွားစောရွာ၏ တောင်ဘက်၌လည်းကောင်း ။
  • စတုတ္ထမြို့ဟောင်းကို ပုဂံမင်းဆက် (၃၄)ဆက်မြောက်မင်း ပျဉ်ပျားမင်းက နဂါး ဗိုလ် အရပ် (ယခု ပုဂံမြို့ဟောင်း) ၌လည်းကောင်း ပြောင်းရွှေ့တည်ထောင် ခဲ့ကြပါသည် ။

ကျန်စစ်သားမင်းကြီး မှတ်တမ်းတင်ခဲ့သော ကျောက်စာတိုင်များ၏ ဖော်ပြချက်အရ ပုဂံနန်းတော်ကြီးကို သက္ကရာဇ် ၄၆၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော ကြီးကျယ်ခမ်းနားသည့် သစ်သား အဆောက်အအုံ ဖြစ်ခဲ့ကြောင်း၊ ရွှေဂူကြီးဘုရား မြောက်ဘက် နေရာ အပါအဝင် မြောက်ဘက် ကားလမ်းကျော်သည့် နေရာများနှင့် သရပါ တံခါးရှိရာ အနောက်တည့်တည့် ပုဂံမြို့အတွင်း အလယ်နေရာတွင် ပုဂံနန်းတော် အဆောက်အအုံ ရှိနိုင်ပါသည် ။ ပုဂံ မြို့အတွင်း ရွှေဂူကြီးဘုရား မြောက်ဘက်ရှိ (အောင်မြေကုန်း) နေရာကို ပုဂံနန်းတော်ရာဟု သတ်မှတ်၍ ရှေးဟောင်းသုတေသ နှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ၁၉၉၀ ခုနှစ် မှ ၁၉၉၇ ခုနှစ် ၊ ၂၀၀၃ ခုနှစ်၊ ၂၀၁၂ ခုနှစ်တို့တွင် တူးဖော်သုတေသန ပြုခဲ့ပါသည်။