ပုဂံယဉ်ကျေးမှုဒေသမှဟိုတယ်များ ခရီးသွားရာသီတွင် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထား
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့ စုဝေးရာပုဂံဒေသတွင် ခရီးသွားလုပ်ငန်းများ ရပ်နားထားခဲ့ရပြီး ယခုနှစ်၌ နိုင်ငံတော်မှခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ပြန်လည်မြှင့်တင်ဆောင်ရွက်ခဲ့ရာ သီတင်းကျွတ်နှင့် တန်ဆောင်တိုင် ပွဲတော်ကာလမှစတင်၍ ဘုရားစေတီများ၊ ပုဂံ၊ အင်းလေး၊ ပင်းတယနှင့် အပန်းဖြေစခန်းများတွင် ခရီးသွားများ၏စည်ကားခဲ့ပြီး ဒေသခံတို့၏ စီးပွားရေး အခွင့်အလမ်းများ ပွင့်လန်းခဲ့သည်။
“ပုဂံကို ရုံးဖွင့်ရက်ရော ပိတ်ရက်တွေမှာပါ လာရောက်လည်ပတ်ကြတယ်။ လူမပြတ်ဘူး။ နိုင်ငံခြားခရီးသွားလည်း လေကြောင်းနဲ့ရော ကုန်လမ်းကပါ အောက်တိုဘာလကစပြီးဝင်တာ အခု ဒီဇင်ဘာလအထိပါ။ အခါကြီးရက်ကြီး ပိတ်ရက်ရှည်ဆိုရင် ပြည်တွင်း ခရီးသွားများတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးမှာ လာရောက်လည်ပတ်ဖို့ ဟိုတယ်၊ မိုတယ်တွေက ဒေသအစားအစာနဲ့ ဖျော်ဖြေရေး ပါတွဲပြီး ဝန်ဆောင်မှုပုံစံအသစ်တွေနဲ့ ပရိုမိုးရှင်းပေးဖို့ ကြိုတင်ပြင်ဆင်နေပါပြီ။ နောင်နှစ်သင်္ကြန်ကာလအထိ ခရီးသွားတဖွဲဖွဲ ဝင်မှာဖြစ်တဲ့အတွက် ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းတွေမှာ နှစ်သစ်ကူးပွဲတော်အတွက် အခန်းတွေ ကြိုတင်ယူထားကြပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြည်တွင်း/ပြည်ပခရီးသွားများ စိတ်အေးချမ်းသာစွာတည်းခို လည်ပတ်နိုင်ရန် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၅၄ လုံးနှင့် စည်ပင် သာယာမှ ကြီးကြပ်ဆောင်ရွက်သည့် တည်းခိုခန်းပေါင်း ၇၅ ခုရှိကြောင်း သိရသည်။ “ပုဂံမှာ ခရီးသွားလုပ်ငန်းက အဓိကဆိုတော့ ခရီးသွားဝင်ရောက်ဖို့ဆိုရင် အပြိုင်အဆိုင် ဝန်ဆောင်မှုပေးကြတယ်။ လာမယ့် နှစ်ဆန်းပိုင်း ပြာသိုလပြည့် အာနန္ဒာ ဘုရားပွဲမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဝင်ရောက်မှုများနိုင်တယ်။ဒီဇင်ဘာနှစ်သစ်ကူးမှာလည်း ခရီးသွားတွေ ဝင်လာဖို့ရှိတာကြောင့် ဟိုတယ်တွေမှာ ကြိုတင်အခန်းတွေယူနေကြပါပြီ။ အချို့ဆိုရင် မိသားစုလိုက်ယူထားကြတယ်” ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ယခုနှစ် ခရီးသွားရာသီအတွက် မိသားစုလိုက်ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းများဖြင့် ဖြစ်စေ အုပ်စုဖွဲ့တည်းခိုနိုင်ရန် နံနက်စာအပါအဝင် အဲယားကွန်းခန်းကို တစ်ဦးလျင် ငွေကျပ်(၇၀၀၀) ဝန်ဆောင်မှု ပုံစံသစ်ဖြင့်လည်းကောင်း၊ စားသောက်ခန်း၌ မြန်မာ့ဆိုင်းဝိုင်းနှင့် တေးဂီတအပါအဝင် ပုဂံယဉ်ကျေးမှုအငွေ့အသက်တို့ ပါဝင်သောဖျော်ဖြေမှုတို့ဖြင့်လည်းကောင်း ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။
