အာနန္ဒာဂူဘုရားကြီးသည် အောက်ခြေဖိနပ်တော်မှ ထီးတော်အထိ ဉာဏာ်တော်အမြင့် ၁၆၈ပေ ရှိသည်။ဖိနပ်တော်အောက်ခြေတွင် လေးထောင့်ကုလားကျောင်းခေါ် တိုက်မခံထားသည်။ကုလားကျောင်း၏ အလယ်၌ အုတ်ဖြင့်ပြီးသော ကံ့ကူဆံတုံးခေါ် မဏ္ဏိုင်ကြီးရှိသည်။ တိုက်မမှ လေးဘက်မျက်နှာသို့ အာရုံခံ မုခ်တစ်ခုစီအသီးသီးထုတ်ထားပြီး အလယ်မဏ္ဏိုင်ကြီး၏ပတ်လည်၌ အတွင်းထပ် အပြင်ထပ် စင်္ကြန်လမ်း(၂)ထပ်ရှိသည်။ ပန္နက်ပုံမှာ ကြက်ခြေခတ် ပန္နက်ပုံကဲ့သို့ရှိသည်။ တိုက်မ၏ အလယ်ကို ဖြတ်သွားသော ကြက်ခြေခတ်မျဉ်းတမ်း နှစ်ခုသည် ပေ(၂၀၀)ခန့်စီရှည်ပါသည်။ ယင်းမျဉ်းတမ်းနှစ်ခု ပြိုင်လျက် အတွင်းထိပ် အပြင်ထပ် စင်္ကြန်(၂)ခုမှ လှိုဏ်ကြီး၊ လှိုဏ်ငယ်တို့ တန်းလျက်ရှိသည်။ တိုက်မနှင့် အာရုံခံမုခ်များ၌ ရိုးရိုးလေသာ ပြတင်းများကိုမသုံးဘဲ ဂုံးချွန်မုခ်ဝနှင့် မုခ်ပြတင်းများကို အသုံးပြုထားသည်။ တိုက်မ၏ နံရံသည် ၃၅ပေအမြင့်ရှိပြီး မုခ်ပြတင်းနှစ်ဆင့်ဖြင့် ဆင်ယင်ထားသည်။ ထိုပြတင်းများမှလည်းကောင်း၊အတွင်းအပြင်စင်္ကြန်များ၏ လှိုဏ်ကြီး လှိုဏ်ငယ်များမှလည်းကောင်း အလင်းရောင်နှင့် လေကောင်းမွန်စွာဝင်နိုင်သဖြင့် တိုက်မကြီး၏ အတွင်းပိုင်း၌ မှောင်မဲခြင်း မရှိသကဲ့သို့ လေကောင်းလေသန့်လည်းရရှိစေပါသည်။ တိုက်မကြီး၏အထက်တွင် ရေဆင်း(သို့မဟုတ်) အမိုးဂုံးလျှော အထက် ပထမပစ္စယံ၊ ထို့နောက်ဒုတိယရေဆင်း၊ ဒုတိယအမိုးဂုံးလျှော၊ ဒုတိယပစ္စယံတို့ကို အဆင့်ဆင့် ပြုလုပ်ထားသည်။ ပစ္စယံအဆင့် များတွင် ထောင့်စေတီများ တည်ဆောက်ထားသည်၊၊ အမိုးဂုံးလျှော၏ ဒုတိယပစ္စယံအထက်တွင် ပစ္စယံ (၃)ဆင့်နှင့်ဖရုံတုံးခံပြီး ကွမ်းတောင်ပေါက်၍ အထွတ်စေတီနှင့် ထီးကို စိုက်ထူထားပါသည်။

ဘုရား၏အကျယ်အဝန်းမှာ တစ်ဖက်ထိပ်မှ တစ်ဖက်ထိပ်အထိ (၂၈၉)ပေရှိပြီး အမြင့်မှာ အောက်ခြေမှ ကြာမှောက်ကြာလှန်ထိ ၁၆၈ပေရှိပါသည်။ တံတိုင်းအကျယ်အဝန်းမှာ အရှေ့အနောက် (၅၉၆)ပေ၊ တောင်မြောက် (၅၉၂)ပေရှိပါသည်။

ကွမ်းတောင်လေးမျက်နှာတွင်ရှိသော မုခ်ကပ်ချိုင့်များ အပါအဝင် စင်္ကြန်ပတ်လမ်းနှစ်ခု ဝဲယာနံရံရှိမုခ်ကပ်များနှင့် အာရုံခံလေးဘက်အတွင်းပတ်လည်ရှိ မုခ်ကပ်အချိုင့်များအပါအဝင် မုခ်တစ်ထောင်ကျော်ရှိပါသည်။ ၎င်းအပြင် မုခ်ကပ်များအတွင်းရှိ ဆင်းတုတော်များသို့လည်း နံရံသုံးဘက်ကို ဖြတ်၍ ၁၀၈ပေအကွာမှ အတွင်းသို့ အလင်းရောင်ပေးထားသည်မှာ တစ်မျက်နှာလျှင် အထက်မုခ်ကပ်၊ အောက်မုခ်ကပ်ပါ (၈)နေရာတွင် ပေးထားသည်။

စင်္ကြန်များရှိ လှိုဏ်ကြီး လှိုဏ်ငယ်များ၌ ထိုင်တော်မူဆင်းတုတော်အမြောက်အမြားကို မုခ်ကပ်များတွင် ထည့်သွင်းပူဇော်ထားသည်။ ပထမစင်္ကြန်၏ လှိုဏ်နံရံတွင် ဗုဒ္ဓဝင်အခန်းပေါင်း (၈၀)ကို ပန်းတမောပညာဖြင့် ကျောက်ရုပ်တတို့ကိစီရင်ထားပြီး အာရုံခံအဆောင် လေးဘက် လေးမျက်နှာတို့၌ ဗုဒ္ဓဝင်လာ အခန်းခန်းတို့ကို ကျောက်ရုပ်တူ (၆၄)ဆူဖြင့် သရုပ်ဖော်ထားသည်။ နံရံမုခ်ထွက်အထက် အမိုးနှင့် အခြားခြားသောလှိုဏ်မုခ်တို့၌ သွန်းထားအပ်သော ရုပ်တုတော်များကား ဂေါတမဘုရားရှင်သည် (၄၅)ဝါပတ်လုံး လူနတ်ဗြဟ္မာများအား တရားရေအေးတိုက်ကျွေးဟန်ကို ရုပ်လုံးဖော်ထားကား ရုပ်တုတော်ပေါင်း (၁၃၀၄)ဆူ ရှိပါသည်။ အနောက်မုခ်အလယ်၌ (၁၀၈)ကွက် စက်လက္ခဏာတော်တို့နှင့် ပြည့်စုံသော စက်တော်ရာနှစ်ဆူရှိပါသည်။မုခ်လေးမုခ်လုံး၌ နှစ်ရုပ်စီရှိသော မဇ္ဈိမပုရိသ အရုပ်ကြီ(၈)ရုပ် တို့လည်း ရှိသည်။

အာနန္ဒာဘုရား၏ အောက်ခြေအပြင်ဘက် ဖိနပ်ခုံ ပစ္စယာအဆင့်(သို့မဟုတ်) ခါးပန်းတစ်လျှောက်တွင် စဉ့်ကွင်းများလည်းရှိသည်။ ထိုစဉ့်ကွင်းများသည် တောင်ဘက်မုခ် ဖိနပ်ခုံမှ လက်ယာရစ်လှည့်၍ အနောက်ဘက်မုခ်အထိ ရုပ်သွင်သဏ္ဌာန်အမျိုးမျိုး လက်နက်အမျိုးမျိုးတို့ဖြင့် မာရ်နတ်စစ်သည်တော်တို့မှ ဂေါတမမြတ်စွာဘုရားရှင်အား စစ်ထိုးလာဟန် စဉ့်ကွင်းရေ (၂၇၆)ခု၊ တောင်ဘက်မုခ်မှ လက်ဝဲလှည့် အရှေ့ဘက်မုခ်အထိ မြတ်စွာဘုရားအား သကြား၊နတ်၊ ဘီလူး၊ နဂါး၊ ဂဠုန်စသည်တို့က သောင်းသောင်းဖြဖြ ပူဇော်ကြဟန်ကိုပြသော စဉ့်ကွင်း(၂၇၆)ခုတို့ရှိသည်။

အောက်ခြေမုခ်ထွက်၊ အထက်မုခ်၏ မကာရ်းပစ္စယာတို့၌လည်း မနုဿီဟအရုပ် (၁၄၈)ရုပ်၊ နတ်ရုပ်(၂၈)ရုပ်၊ စေတီ(၂၄)ဆူ၊ အထက်ကွမ်းတောင် မုခ်ကပ်၌ ရုပ်တုတော် (၂၀)ရှိသည်။ ထို့ပြင် စေတီတော်ကြီး၏ အနောက်တောင်ဘက်မှစ၍ ဧကနိပါတ် အပဏ္ဏကဇာတ်ဖြင့် အစပြု၍ ဒုတိယပစ္စယာ မြောက်မုခ်အထိ အသီတိနိပါတ်၊မဟာသုတသောမ ဇာတ်တိုင်အောင် စဉ့်ကွင်း(၅၃၇)ခုနှင့်လည်းကောင်း၊ ထိုမှ အရှေ့သို့ပတ်၍ မဟာနိပါတ် တေမိဇာတ်တော်မှ စ၍ ဇာတ်တော်ကြီး ဆယ်ဘွဲ့မှ အခန်းခန်းတို့ကို အဆင့်ဆင့်သော ပစ္စယာတို့၌ စဉ့်ကွင်းရေ(၃၈၉)ဖြင့် လည်းကောင်း ဖန်တီးဆင်ယင်ထားပါသည်။ အဆိုပါ စဉ့်ကွင်းများ၏ အောက်ခြေတွင် မွန်ဘာသာဖြင့်လည်းကောင်း၊ ပါဠိဘာသာဖြင့်လည်းကောင်း ကမ္ပည်း ရေးထိုးထားသည်။