
မူလက အာနန္ဒာဘုရား၏ ဝင်ပေါက်တိုင်း၌ သစ်သားတံခါးရွက်များ တပ်ဆင်ဟန်လက္ခဏာတွေ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော် အပေါက်တိုင်း၌ ခြေကျော်တုံးများနှင့် တိုင်အောက်ခံကျောက်ခွက်များကို တွေ့ရသည်။ လက်ရှိ အာနန္ဒာဘုရားမှ သစ်သားတံခါးရွက်ကြီးများမှာ အောက်ခံဘောင်ကြေးခွေပင်မတံခါးတိုင်တို့မှာ မူလလက်ရာများဖြစ်ကြသည်။ ၎င်းတံခါးရွက်ကြီးများတွင် တပ်ဆင်ထားသော ဆေးနီရောင်သုတ်ထားသည့် သစ်သားပန်းပုရုပ်နှင့် ပန်းခက်များမှာ နှောင်းခေတ်မှ တပ်ဆင်ထားကြသော သစ်သားပန်းပုလက်ရာများဖြစ်ကြသည်။ ခန့်မှန်းခြေအားဖြင့် ၁၆ ရာစု တောင်ငူ ဘုရင့်နောင်သည် ရွှေစည်းခုံ၊ အာနန္ဒာ၊ ရွှေဂူကြီးဘုရားတို့၌ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ပါသည်။ ထိုကာလက အာနန္ဒာဘုရားတံခါးကြီးများတွင် သစ်သားပန်းပုရုပ်နှင့် ပန်းများထပ်၍ ကပ်ခဲ့ဟန်ရှိပါသည်။ ယင်းသို့ယူဆရခြင်းမှာ သစ်သားပန်းပုရုပ်များနှင့် ပန်းခက်များသည် ပုဂံခေတ်လက်ရာ ဒီဇိုင်းပုံများ မဟုတ်တော့ပါ။
လက်ရှိတွင် အာနန္ဒာဘုရားမှ သစ်သားတံခါးရွက်ကြီးများမှာ အောက်ခံဘောင်ကြေးခွေ ပင်မတံခါးတိုင်တို့မှာ မူလလက်ရာပင်ဖြစ်ပြီး ၎င်းတံခါးရွက်ကြီးများတွင် တပ်ဆင်ထားသော ဆေးနီရောင် သုတ်ထားသည့် သစ်သားပန်းပုရုပ်နှင့် ပန်းခက်များမှာ နှောင်းခေတ်မှ တပ်ဆင်ထားကြသော သစ်သားပန်းပု လက်ရာများဖြစ်ပါသည်။ ထိုသစ်သားတံခါးကြီးများကို တပ်ဆင်စီမံထားပုံမှာ အလွန်ချီးကျူးဖွယ် ကောင်းလှပါသည်။ အောက်ခြေတွင် ကျောက်ခွက်ပေါ်၌ ဆုံလည်သဘောမျိုး လည်စေပြီး တံခါးတိုင်ထိပ်တွင် သံကွင်းကြီးဖြင့် စွပ်ထားပါသည်။ထိုသံကွင်းများ တံခါးပိတ်ချိန်တွင် ရှေ့သို့ မထွက်စေရန် ကျောက်ပြားကြီးနှစ်ချပ်ကို ကြက်ခြေခတ်ပုံမြောင်းထွင်းထားပါသည်။ တစ်ပြားကအခံ တစ်ပြားကအဖုံးသံကွင်းမှလာသော ကြက်ခြေခတ်ပုံ သံချောင်းအား ညှပ်ဖိ၍ ထားပါသည်။


အဆိုပါတံခါးကြီးများသည် တစ်ရွက်လျှင်တစ်တန်ခန့် လေးသော်လည်း ကျောက်ခွက်ကို ဆုံလည်သဘောစီမံထားခြင်းကြောင့် လူတစ်ယောက် လွယ်လွယ်ကူကူ ပိတ်ဖွင့်နိုင်ပါသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော်လည်း ၎င်းသံကွင်းကြီးများမှာ ရှေ့သို့ထွက်လာခြင်း၊ တံခါးကြီးငိုက်လာခြင်းမရှိခဲ့ပေ။ တောင်ဘက်တံခါးရွက်ကြီးနှစ်ရွက်မှာလည်း ယခုတိုင်ပိတ်ဖွင့်၍ရသည်။ အခြားသော တံခါးကြီးများမှာ အင်္ဂတေ အသေတပ်ဆင်ထား၍ ပိတ်ဖွင့်မရနိုင်ပါ။ သစ်သားတံခါးတိုင်နှင့် ကြေးခွေများမှာ လွှဖြင့်ဖြတ်ခြင်း၊ ပိုင်းခြင်းမျိုးမဟုတ်ဘဲ ဓားဖြင့်ရွေထားသည့် သဘောဖြစ်ပါသည်။
