

အင်္ဂတေပန်းများကို အတွင်းစင်္ကြန်ပတ်လမ်း၊ အပြင်စင်္ကြန်ပတ်လမ်း၊ အတွင်းဘက်နံရံရှိ အတွင်းစင်္ကြန်နှင့် အပြင်စင်္ကြန်အကြားရှိ အလင်းရောင်ဖြတ်လမ်းများ၊ မုခ်တံကဲများတွင် တွေ့ရှိနိုင်သည်။ ၎င်းတံကဲများမှာ တစ်ဘက်လျှင်(၈)ခုစီ၊ လေးမျက်နှာပေါင်း တံကဲ (၃၂)ခုရှိပြီး လည်ဆွဲ၊ လက်ကျပ်၊ လက်ကောက်၊ မကိုဋ်တို့ကို အင်္ဂတေလက်ရာဖြင့် ဆင်ယင်ထားသော မတ်ရပ်နတ်ရုပ်ကြီး (၄)ရုပ်လည်း ရှိသည်။ ကွမ်းတောင်အခြေရှိ တင်ပြင်ခွေရှိခိုးနေဟန် စတုမဟာရာဇ်လေးရုပ်၊ ပထမပစ္စယံထောင့် လေးထောင့်၌ ဒူးတစ်ဘက်ထောင် တစ်ဘက်ချနတ်ရုပ်ကြီးလေးရုပ်၊ တတိယပစ္စယံ အရှေ့တောင်ထောင့်၌ ယာခြေထောက်အောက်ချ၍ ဝဲခြေတင် နတ်ရုပ်တစ်ရုပ်၊ တတိယပစ္စယံ အရှေ့မြောက်ထောင့်တွင် တင်ပြင်ခွေထိုင်၍ လက်ယာဘက် ဒူးပေါ်တင်ဟန် နတ်ရုပ်တစ်ရုပ်၊ တတိယပစ္စယံ အနောက် တောင်ထောင့်နှင့် အနောက်မြောက်ထောင့်တို့၌ တင်ပြင်ခွေထိုင်ဟန် နတ်ရုပ်နှစ်ရုပ်၊ မုခ်တံကဲကြီးများ တစ်ဘက်တစ်ချက်၌ တိမ်ခံနတ်ရုပ်နှစ်ရုပ်၊ လေးမျက်နှာရှစ်ရုပ်နှင့် အာရုံခံအတွင်းရှိ မတ်ရပ်နတ်ရုပ်နှစ်ရုပ်၊ လေးမျက်နှာ ရှစ်ရုပ် စုစုပေါင်း(၂၈)ရုပ်ရှိပါသည်။ ထို့ပြင် ဘုရားမုခ်ဝ ဒွါရပါလရုပ် ရှစ်ရုပ်၊ တံတိုင်းမုခ်ဝတို့၌ တစ်မျက်နှာလျှင်နှစ်ရုပ်စီ ဒွာရပါလရုပ်ရှစ်ရုပ်တို့ကိုလည်း တွေ့နိုင်သည်။




ခြင်္သေ့ရုပ်များမှာ အပေါ်စတုတ္ထပစ္စယံ၊ ပဉ္ဇမပစ္စယံ၊ အဌမပစ္စယံထောင့်များ၌ အရုပ်တစ်ရုပ်စီ (၃)ဆင့် (၁၂)ရုပ်၊ အာရုံခံအမိုးပေါ်ရှိ အတွင်းဘက်တံကဲ ရာမလက်ညှိုးများကြား၌ တစ်မျက်နှာလျှင် ၁၀စီ လေးမျက်နှာ (၄၀)ရုပ်၊ အာရုံခံအမိုးပေါ်ရှိ အပြင်ဘက်တံကဲ ရာမလက်ညှိုးများကြား၌ တစ်မျက်နှာလျှင် ၂၀စီ (၈၀)ရုပ်၊ အောက်မြေပြင်အာရုံခံထောင့်များ၌ (၂)ရုပ်စီ (၈)ရုပ်၊ မြေပြင်တိုက်မထောင့်များ၌ (၂)ရုပ်စီ (၈)ရုပ်၊ ခြင်္သေ့ရုပ်စုစုပေါင်း (၁၄၈)ရုပ် ရှိပါသည်။
