ရဟန္တာ ရှစ်ပါးတို့သည် ကျန်စစ်သားမင်းကြီး နန်းတော်၌ ဆွမ်းရပ်လာကြသည် ။ မင်းကြီးလည်း ကြည်ညိုစွာဖြင့် ဆွမ်းလုပ်ကျွေးပြီးလျှင် မည်သည့်အရပ်က ကြွလာကြောင်း မေးမြန်းလျှောက်ထားသော် (ဟိမဝန္တာအရပ် ) ဂန္ဓမာနတောင်မှ ကြွလာကြောင်း မိန့်ကြားကြသည်။ ထိုအခါ မင်းတရားကြီးသည် အရှင်မြတ်တို့အား အလွန်ကြည်ညိုလှသဖြင့် ဝါဆိုကျောင်း ဆောက်လှူပြီး လျင် ဝါတွင်း သုံးလပတ်လုံး နန်းတောင်သို့ ပင့်၍ ဆွမ်းလုပ်ကျွေးတောင် မူသည် ။ တရံခါသော် ကျန်စစ်သားမင်းတရားက အရှင်မြတ်တို့အား အရှင်မြတ်တို့ သီတင်းသုံးခဲ့ရာ ဂန္ဓမာတောင်ရှိ နန္ဒမူလှိုဏ်ဂူကို တန်ခိုးတောင်ဖြင့် သဏ္ဍာန်တူစွာ ပြု၍ ပြတောင်မူရန် လျှောက်ထား တောင်းပန်သည် ။
အရှင်မြတ်တို့ကလည်း တန်ခိုးဖြင့် ပြတောင်မူသော် နန္ဒမူလှိုဏ်ဂူ ၏ တင့်တယ်သော အသရေကို မင်းတရားကြီး အလွန်တရာနှစ်သက်ကြည်ညိုခြင်းဖြစ်သည်။ ထို့ကြောင့် မူလရည်ရွယ်ရင်းရှိခဲ့သော ဘုရားရှင်လေးဆူ စံပါယ်ရန် နန္ဒမူလှိုဏ်ဂူ သဏ္ဍာန် ကောင်းမှုတော် တစ်ဆူကို တည်ဆောက်၍ ပူဇော်ကိုးကွယ်ရန် အကြံဖြစ်တော် မူသည်။ ရဟန္တာ အရှင်မြတ်တို့အားလည်း ကူညီစောင်မရန် လျှောက်ထားတောင်းပန်သည်။ မထေရ်မြတ် တို့ကလည်း သဘောတူညီကြသဖြင့် ကောဇာသက္ကရာဇ် (၄၅၂)ခုနှစ် အတွင်း၌ပင် အာနန္ဒာ ဘုရားကို စတင်တည်ဆောက်ရန် စီမံလေသည် ။
အရှေ့ဘက်မတ်ရပ်ဆင်းတုတော်ကြီး (ဂေါဏဂုံဘုရား) | အနောက်ဘက်မတ်ရပ်ဆင်းတုတော်ကြီး (ဂေါတမဘုရား) | တောင်ဘက်မတ်ရပ်ဆင်းတုတော်ကြီး (ကဿပဘုရား) | မြောက်ဘက်မတ်ရပ်ဆင်းတုတော်ကြီး (ကကုဿန်ဘုရား) |
ပုဂံပြည်ရှင် ထီးလှိုင်ရှင်ကျန်းစစ်သားမင်း၏ ကောင်းမှုတော်ြဖစ်သော အာနန္ဒာဘုရားသည် ပုဂံဘုရားများအနက် အလွန်တရာအချိုးအစားကျနလှပ တင့်တယ်၍ ချီးကြူးဖွယ်အကောင်းဆုံးသော ဘုရားတဆူဖြစ်သည်။ ရှေးမြန်မာ့ ဗိသုကာပညာ၏ အပြောင်မြောက်ဆုံးသော လက်ရာကို အာနန္ဒာဘုရား၌ တွေ့ရ သည်။ ထိုဘုရားသည် စေတီဘုရားမဟုတ်ဂူဘုရားဖြစ်သည်။ပုဂံမြို့သရပါတံခါး၏အရှေ့ဖက်အနီး၌တည်ရှိလေသည်။ ကျန်စစ်သားမင်းတရားသည် ခမည်းတော် အနော်ရထာ၏ ကုသိုလ်တော်ဖြစ်သော ရွှေစည်းခုံစေတီတော်ကို ထပ်မံမွမ်းမံ၍ အပြီးသတ်တည်ဆောက် လေသော် အကြံတခုဖြစ်ပေါ်သည်။ ထိုအကြံကား ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုသန္ဓ ၊ ကောဏာဂမန ၊ ကဿပ ၊ ဂေါတမ တည်းဟူသော ဘုရားရှင်တို့အား ရည်စူး၍ ဂေါတမဘုရားရှင်၏ အရပ်တော် ၁၈ တောင် ပမာဏဖြင့် ရပ်တော်မူဟန် လေးဆူသော ရုပ်ပွားတော်များကို ထုလုပ်ပူဇော်လိုသော အကြံဖြစ်ပေသည်။ ထိုလေးဆူသော ရုပ်ပွာတော်များကို ကိုးကွယ်ပူဇော်ထားရန် အဘယ်သို့သော ပုံသဏ္ဍာန်ရှိသည့် အဆောက်အအုံဖြင့် ကြည်ညိုဖွယ်ဖြစ်အောင် တည်ဆောက်ကိုးကွယ် ရအံ့နည်းဟု ကြံစည်တွေးတော နေတော်မူခဲ့လေသည်။ ထိုအတွင်း၌ပင် ရဟန္တာရှစ်ပါးတို့သည် မင်းကြီးနန်းတော်၌ ဆွမ်းရပ်လာကြသည်။ မင်းကြီးလည်း ကြည်ညိုစွာ ဖြင့် ဆွမ်းလုပ်ကျွေးပြီးလျှင် မည်သည့်အရပ်က ကြွလာကြောင်း မေးမြန်းလျှောက်ထားသော် (ဟိမဝန္တာအရပ်) ဂန္ဓမာဒနတောင်မှ ကြွလာကြောင်း မိန့်ကြားကြသည်။ ထိုအခါ မင်းတရားကြီးသည် အရှင်မြတ်တို့အား အလွန်သဒ္ဓါကြည်ညိုလှသဖြင့် ဝါဆိုကျောင်းဆောက်၍ လှူပြီးလျှင် ဝါတွင်းသုံးပတ်လုံး နန်းတော်သို့ပင့်၍ ဆွမ်းလုပ် ကျွေးတော်မူသည်။ တရံခါသော် ကျန်စစ်သားမင်းတရားက အရှင်မင်းမြတ်တို့အား အရှင်မြတ်တို့သီတင်းသုံးခဲ့ရာ ဂန္ဓမာဒနတောင်ရှိ နန္ဒမူလလှိုဏ်ဂူကို တန်ခိုးတော် ဖြင့် သဏ္ဍာန်တူစွာပြု၍ ပြတော်မူရန် လျှောက်ထားတောင်းပန်သည်။ အရှင်မြတ်တို့ကလည်း တန်ခိုးဖြင့် ပြတော်မူသော် နန္ဒမူလလှိုဏ်ဂူ၏ တင့်တယ်သော အသရေ ကို မင်းတရားကြီးအလွန်တရာ နှစ်သက်ကြည်ညိုခြင်းဖြစ်သည်။ ထို့ကြောင့် မူလရည်ရွယ်ရင်းရှိခဲ့သော ဘုရားရှင်လေးဆူတို့ စံပယ်ရန် နန္ဒမူလလှိုဏ်ဂူသဏ္ဍာန် ကောင်းမှုတော်တဆူကို တည်ဆောက်၍ ပူဇော်ကိုးကွယ်ရန် အကြံတော်ဖြစ်သည်။ ရဟန္တာအရှင်မြတ်တို့အားလည်း ကူညီစောင်မရန် လျှောက်ထားတောင်းပန်သည်။ မထေရ်မြတ်တို့ကလည်း သလောတူညီကြသဖြင့် သက္ကရာဇ် ၄၅၂ ခုနှစ် (ခရစ် ၁၀၉၁ ခုနှစ်) အတွင်း၌ပင် အာနန္ဒာဘုရားကို စတင်တည်ဆောက်ရန် စီမံလေသည်။
ကျန်စစ်သားမင်းသည် မိမိ၏ ကောင်းမှုတော်ကို သာသနာအနှစ် ၅၀၀၀ တည်စေရန် ရည်ရွယ်သဖြင့် မည်သည့်အရပ်၌ တည်ဆောက်ရအုံနည်းဟု ဆင် ခြင်သည်။ ထိုအခါ သိကြားမင်းကြွလာလတ်၍ ဘုရားတည်ဆောက်ရမည့် အရပ်ကိုညွှန်ပြသည်ဟု ဆိုသည်။ မင်းတရားကြီးသည် ထိုအရပ်၌ ဧရာဝတီမြစ်ရေ တိုးစေ ကာမူ မိမိ၏ ကောင်းမှုတော်မပါနိုင် မပြိုနိုင်စေရန် ၊ မြေကို အစောက် သံတောင် ၆၀ ရေထွက်အောင် တူးစေပြီးသော် ရေမှ သံတောင် ၃၀ နဂါးရစ်ကျောက်တို့ကို တည်စေ၏။ထိုကျောက်တို့၏ အထက်၌ကား ဌာပနာအံ့သောငှာ သံတောင် ၃၀ ရှိ ဥမင်တိုက်ကို ဆောက်စေသည်။
မင်းတရားကြီး၏ ကောင်းမှုတော်အတွက် ဆောင်ရွက်ရသော ပန်းရံတို့ကား ဗိသုကာလေးရာ၊ ကံကျွေးလေးသောင်းဖြစ်၍ လက်ခ မှာ ရွှေစင်လေးသိန်းပေးရသည်။ ရဟန္တာအရှင်မြတ်တို့လည်း ဌာပနာတိုက်ဆောက်လုပ်ရာ၌ ကူညီကြသည်။ ထိုအရှင်မြတ်တို့အပြင် သီတင်းသုံးဖော်အခြားသော ရဟန္တာအရှင်မြတ်တို့ကလည်း ဝိုင်းဝန်းကြသဖြင့် ထိုကောင်းမှုတော် တည်ဆောက်ရာ၌ ကူညီဝိုင်းဝန်းကြသော ရဟန္တာလေးကျိပ်လေးပါးရှိသည်။ကောင်းမှုတော်၏ တမျက်နှာလျှင် ရဟန္တာတကျိပ်စီ စောင့်ရှောက်ကြသည်။ တခြား ရဟန္တာလေးပါးတို့ကမူ နန္ဒမူလလှိုဏ်ဂူသို့ ကြွရောက်၍ လှိုဏ်ဂူ၏ ပုံပန်းအနေအထား အသေးစိတ်တို့ကို မျက်နှာတခုစီ၌ ကြီးကြပ်နေတော်မူသော ရဟန္တာတို့ကို လည်းကောင်း၊ ဗိသုကာလေးရာတို့တွင် အကြီးဖြစ်သော ဗိသုကာလေးယောက်တို့ကိုလည်းကောင်း ညွှန်ကြားပြသ ပေးကြသည်။ ဝိသကြုံနတ်သားကမူ လေးမျက်နှာလုံးကို လှည့်လည်ကြည့်ရှု့စီရင် သည်ဟုဆိုသည်။ ထို့ပြင် ဗိသုကာအကြီးလေးယောက်တို့၏ နှလုံးတွင် ပညာအရာ၏အစောင့် သူရဿတီနတ်သမီး ဝင်ရောက်နေသည်ဟုလည်း ဆိုကြသည်။ ဌာပနာတော်တိုက် အတွင်း၌ သွင်းထားပူဇော်အပ်သော ဓာတ်တော်များကား ဂေါတမ ဘုရားရှင်၏ လက်သန်း ဓာတ်တော်လေးဆူ၊ သွားတော်ဓာတ်တော်တဆူ ၊ ပုဆစ်ခုန်ညင်းဓာတ်တော်တဆူ၊ လည်ရိုး တော်တဆူ၊ ဦးခေါင်းဓာတ်တော်တဆူ၊ ပါးစောင်ဓာတ်တော်တဆူ၊ ဆံတော်ဓာတ်တော်တဆူ တို့အပြင် သရီရဓာတ်တော် အစစ်ချည်း ၃၀၀ ကျော်တို့နှင့် သင်းပိုင်တော်လည်း ပါဝင် သည်။ ယင်းဓာတ်တော် မွေတော်တို့ကို ပဲနောက်အဆင်းရှိသော ကျောက်ခွက်ဖြင့် အပြည့်ထည့်ပြီးသော် ရွှေစင်သုံးသိန်းဖြင့် သွန်းအပ်သော ဓာတ်တော်ကြုပ်၌ တဖန်ထည့်၍ ရတနာ ပန်းတောင်းထက်၌ထားသည်။
ဌာပနာတိုက်အတွင်း၌ ကြေးဘုရား၊ ဆင်းတုတော်ရှိရာ ထိုရုပ်ပွားတော်၏ အထက်အောက်၌ ရွှေစင်ဖြင့် သွန်းအပ်သော အရုပ်များရှိသည်။ ထိုရွှေစင်ရုပ်ပွားများကား ငရမာန်ကာန်းကို မုဆိုးလေးနှင့်ပစ်ဟန်၊ ငရမာန်ကာန်းသေဟန်၊ ကျန်စစ်မင်းကြီးဘုရားတည်မည့် အရပ်ရွေးဟန်၊ သိကြားမင်းက ညွှန်ပြဟန်၊ ထိုနောက်ဂေါတမဘုရား အလောင်း တော် တောထွက်တော်မူသည်မှ ပရိနိဗ္ဗာန်ပြုတော်မူသည်အထိ ဗုဒ္ဓဝင်ခန်းများလည်း ပါဝင်သည်။ ထိုရုပ်လုံးများ သွန်းလုပ်ရာ လူတို့အား နရတောင်မှ နတ်တို့က ကူညီသည်ဟုဆို သည်။ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုဟန် ပြုလုပ်ထားသော ရုပ်တုတော်သည် အနောက်ဖက်သို့ မျက်နှာမူလျက် ကြေးဘုရားအောက်၌ တည်ရှိသည်။ နေရဗာန်ဘုရား၏ ခေါင်း ရင်းဝယ်၊ ရွှေစင်ငါးသောင်းအကုန်ခံ၍ ပြုလုပ်ထားသော ဆင်းတုတော်ကား မလ္လာယုကျွန်းမှ သာရစန္ဒရ သရက္ခာန်အနှစ်ဖြင့် ထုလုပ်ထားသည်။ ဌာပနာတိုက်အတွင်းအနောက်မျက်နှာ ၍ကား နေရဗာန်ဘုရား၊ အရှေ့၊ တောင်၊ မြောက် သုံးမျက်နှာတို့၌ကား ထက်ဝယ်ဖွဲ့ခွေ ဆင်းတုတော်တဆူကျစီရှိသည်။ ရွှေစင်ဖြင့် သွန်းအပ်သော ရဟန္တာရုပ်ပွား၊ ကျန်စစ်မင်းကြီး၏ ရုပ်တုများလည်း လက်ဝဲလက်ျာ လေးမျက်နှာလုံး၌ ထားပေသည်။ ထိုပြင် ဘုရားသခင် စင်္ကြံကြွတော်မူဟန်၊ သာသနာတည်သမျှ အရိယာရဟန်းတို့ စည်းဝေးဟန်၊ ရှင်အရဟံနှင့် အာနန္ဒာဘုရား တည်ဆောက်ရာ၌ ကြပ်မတ်ပေးကြသော ရဟန္တာတို့၏ စည်းဝေးဟန်တို့ကိုလည်း ရွှေစင်ဖြင့် သွန်းထားသည်။ ရနိုင်သမျှသော ပိဋကတ် ၊ ဓမ္မသတ် ၊ မန္တာန် စသည်တို့ ကိုလည်း ဌာပနာတိုက်အတွင်း၌ ထည့်သည်။ ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းထားသော ရွှေတုံး ၊ ငွေတုံးတို့ကား ရှစ်ဆယ့် ရှစ်တုံးရှိရာ တတုံးလျှင် အချိန်သုံးသောင်းသုံးရာ သုံးဆယ့် သုံးကျပ် သုံးမတ်သားစီရှိသည်။ မိကျောင်းရုပ်ကို နဖားထွင်းပြီးလျှင် ရွှေတုံးကို ငွေကြိုး၊ ငွေတုံးကို ရွှေကြိုးဖြင့် သီထားသည်ဟု ဆိုလေသည်။
ဌာပနာတိုက်၏ မုခ်လေးမျက်နှာ၌ ဆီမီးလေးတိုင် ပတ္တမြားလေးလုံးတို့တည်ရှိရာ ၊ ယင်းပတ္တမြားတို့၏ အရောင်သည် နေရောင်၊ လရောင်၊ ဆီမီးရောင် ကဲ့သို့ ဌာပနာ တိုက်အတွင်း ထွန်းလင်းလျက်ရှိသည်။ မြတ်စွာဘုရား၏ ဓမ္မစကြာတရားဟောသံကို ယန္တရားဆင်၍ ဖန်တီးစီရင်ထားရာ ၊ ကရဝိတ်ငှက်၏ ကြွေးကြော်သံကဲ့သို့ အလွန်တရာ သာယာ လှသည်။ ထိုအသံကို နတ်ဗြဟ္မာတို့က ကောင်းချီးပေး၍ ခရုသင်းမှုတ်သံ ၊ စည်၊ စောင်းငြင်းတီးမှုတ်ဟန်တို့ကိုလည်း စီရင်ထားရာ ဌာပနာတိုက်အတွင်း အသံသဲသဲမြည်နေသည်။ နတ် တို့ လက်ပန်းပေါက်ခတ်ဟန်၊ ပန်းပေါက်ပေါက်ကြဲဟန်တို့ကို လည်းကောင်း၊ ဂန္ဓမာဒနတောင်၊ နန္ဒမူလလှိုဏ်ဂူဝ၌ မဉ္စူသကသစ်ပင်အောက်ရှိ ဂန္ဓကုဋီတိုက်၌ ဘုရားပစ္စေက ဗုဒ္ဓသာဝကတို့အား နတ်တို့က ဒန်ပူကပ်ဟန်၊ ဇေတဝန် ကျောင်းတော်၌ ရှင်အာနန္ဒာက ဘုရားရှင်အား ဒန်ပူကပ်ဟန်၊ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသည့်အခါ သာဓုကိဠနသတ္တာဟ၊ စိတကသတ္တာဟ၊ ဓာတုပူဇာသတ္တာဟတို့နှင့် ဓာတ်တော်ဝေခန်းတို့ကိုလည်းကောင်း ရွှေစင်ရုပ်များ သွန်းလုပ်ထားသည်။ သင်္ဂါယနာသုံးတန်တင်ဟန်၊ ပျူစောထီးမင်းသည် ဝက်ကြီး စသော ရန်သူများကို အောင်နိုင်ဟန်အရုပ်များကိုလည်း ရွှေစင်ဖြင့် သွန်းလုပ်ထားသည်။ ထို့ပြင် ရွှေဆင်းတုချည်းတထပ်၊ ငွေဆင်းတုချည်းတထပ်၊ လက်ဝဲ လက်က်ျာရံတို့နှင့်တကွ သွန်းလုပ်ထားသေးသည်။ အဖိုးအတိုင်းမသိသော ဌာပနာရတနာများကို ကာကွယ်သောအားဖြင့် ခြင်္သေ့စက်၊ ကျားရဲစက်၊ နဂါးစက်၊ ဂဠုန်စက်၊ ခွေးရဲစက်၊ ဆိတ်ရဲစက်၊ နွားရဲစက်၊ ကျွဲ ရဲစက်၊ စိုင်ရဲစက်တို့ကိုလည်း ဌာပနာတိုက်၏ တံခါးအထပ်၌ ထားသည်။ တံခါးရွက်ကား အဖိုးအတိုင်းမသိထိုက်သည်။ တံခါးတွင် ရွှေဘုရား၊ ငွေဘုရား၊ ပဉ္စလောဟာဘုရားများထား သည်။ ထိုများစွာသော ဘုရားတို့ကို ချီ မ နိုင်မှသာလျှင် တံခါးကိုဖွင့်နိုင်မည်။ တံခါးတခုပွင့်လျှင် တံခါးအကုန်ပွင့်နိုင်အောင် စီရင်ထားလေသည်။ ဌာပနာတိုက်အတွင်းရှိ ကောင်းမှု တော်အစုစုကို ရွှေကွန်ရက်၊ ငွေကွန်ရက်၊ ပုလဲကွန်ရက်၊ ကြေးကွန်ရက်၊ စန္ဒကူးသရက္ခာန် ကွန်ရက်တို့ဖြင့် ရံထားသည်။ ဌာပနာတိုက်၌ သွင်းအပ်သော ရုပ်လုံး ရုပ်ပွားများကို ရွှေစင် သုံးကုဋေခြာက်သန်း အကုန်ခံ၍ သွင်းလုပ်ထားလေသည်။ ပြည့်ရှင်မင်းကြီးက မရေမတွက်နိုင်သော ရွှေငွေရတနာတို့ကို အကုန်ခံ၍ ကုသိုလ်ပြုသည်ကို မြင်တွေ့ရသော ပြည်သူလူထုကလည်း ကြည်ညို သဒ္ဒါတရားဖြစ်လာကြပြီးလျှင် များစွာသော ပစ္စည်းဥစ္စာတို့ကို ထည့်ဝင်လှူဒါန်းကြသည်။ မင်းကြီးသည် ဌာပနာတိုက်အတွင်း လှူဒါန်းပူဇော်ထား သော ကောင်းမှုအစုံစုံကို ရှု့မြင်တော်မူရလျှင် သဒ္ဒါစိတ်လွန်ကဲကာ ပီတိသောမနဿစိတ် အလွန်ဖြစ်ပွားပြီးလျှင် ဌာပနာတိုက်ကို မပိတ်မီပဲ ရှိနေသဖြင့် ရဟန္တာအရှင်မြတ်များက တရားဟောကြားကာ ဌာပနာတိုက်ကို ပိတ်စေရသည်။
ဖော်ပြခဲ့သော မြေအောက်ဌာပနာအပြင် အထက်ဌာပနာတိုက်၌လည်း မြတ်စွာဘုရား၏ ရုပ်ပွားတော်များကို ရွှေစင် သုံးကုဋေခြောက်သန်းအကုန်ခံ၍ သွန်းလုပ်လှူဒါန်းသည်။ ရွှေလှေနှင့် မင်းများအရုပ်ကိုလည်း ရွှေစင်ဖြင့် သွန်း၍ ဌာပနာသည်။ မင်းများအသုံးအဆောင်များဖြစ်သော စောင်းငြင်း တူရိယာတို့ကိုလည်း တီးသူလူရုပ်နှင့် တကွလည်းကောင်း၊ နတ်သားရုပ်တို့ကိုလည်းကောင်း ဌာပနာလေသည်။ ကျန်စစ်မင်းကြီးသည် ပျူစောထီးစသော ရှေးဘေးလောင်းတော် ဘိုးတော်လောင်း မင်းအဆက်ဆက်တို့ထံမှ ဆက်ခံရရှိသော ဓာတ်တော်၊ မွေတော်၊ ကျောက်သံပတ္တမြား၊ ရွှေငွေဥစ္စာမှန်သမျှနှင့် မိမိ၏ ဘုန်းကံကြောင့် နိုင်ငံရပ်ခြား တိုင်းတပါးမှ လက်ဆောင်ပဏ္ဏာဆက်သလာသမျှတို့ကို စွန့် တော်မူမည်ဟု မိန့်ကြားပြီးလျှင် အတုမရှိသော ကောင်းမှုတော်ကို စီရင်စေလေသည်။မင်းတရားကြီး၏ ကောင်းမှုတော်သည် ဘုရားရှင်တို့၏ အနန္တပညာကို ရည်မှတ်ပူဇော်ြခင်းဖြစ် သဖြင့် အနန္တဘုရားဟု ဘွဲ့မည်တပ်ခဲ့သော်လည်း ကာလကြာမြင့်သော် အာနန္ဒာဘုရား ဟု ခေါ်တွင်ခဲ့လေသည်။

