အာနန္ဒာဘုရားကြီးတွင် ကျင်းပပြုလုပ်သော (၁၂) လ ရာသီပွဲတော်များအနက်-

၁။ ကဆုန်ညောင်ရေသွန်းပွဲတော်
၂။ သီတင်းကျွတ် (ဆီမီးတစ်ထောင်) မီးထွန်းပွဲတော်
၃။ ပြာသိုလ်လ (အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်)

အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်
(ပြာသိုလ် လဆန်း (၈) ရက်နေ့မှ ပြာသိုလ် လကွယ်နေ့ အထိ)

အာနန္ဒာဘုရားဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် ပြာသိုလ်လဆန်း (၈) ရက်နေ့မှ ပြာသိုလ်လပြည့်ကျော် (၈) ရက်နေ့အထိ ကျင်းပပြုလုပ်ပါသည်။ ပြာသိုလ်လဆန်း (၁၁)ရက်နေ့မှ ပြာသိုလပြည့်ကျော် (၅) ရက်နေ့အထိ အသံမစဲပဠာန်းရွတ်ဖတ်ပူဇော်ပါသည်။ ပြာသိုလ် လဆန်း (၁၀) ရက်နေ့မှစ၍ ပုဂံမြို့နှင့် အနီး တဝိုက်ရှိ ရွာနီးချုပ်စပ်များမှ ရွာသူ/သားများသည် အမိုးဂုံးပါနွားလှည်းများဖြင့် ချက်ပြုတ်စားသောက်ဖွယ်ရာပစ္စည်းများ၊ အိမ်မွေးတိရိစ္ဆာန်များပါမကျန် တပါတည်း ခေါ်ဆောင်ပြီး ဘုရားပွဲတော်သို့ လာရောက်ကြသည်။ လာရောက်ကြသော နွားလှည်းယာဉ်တန်းအရှည်ကြီးများမှာ တမျှော်တခေါ်ဖြင့် ရှု့မဆုံးနိုင်ဖြစ်သကဲ့သို့ ဓာတ်ပုံ ဆရာကြီးများ၏ အကြိုက်ဖြစ်နေကြပါသည်။ယခုအခါတွင် တိုးတက်လာသောခေတ်အခြေအနေအရ စက်တပ်ယာဉ်များ ထွန်းစက်များဖြင့် အစားထိုးလာရောက်နေ ကြပါသဖြင့် ရှေးရိုးရာအစဉ်အလာ ထုံးစံများ ပျောက်ပျက်သွားမည်ကို စိုးရိမ်ရပါသဖြင့် မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့လိုပါသည်။ ၎င်းရွာသူ/သား များသည် ဘုရားကြီး၏ အရှေ့ဘက်တံတိုင်းဘေးတွင် ရွက်ဖျင်တဲများထိုးပြီး ချက်ပြုတ်စားသောက်ပြီး ညအိပ်ညနေ နေထိုင်ကာ ပွဲဈေးတန်းများတွင် လိုအပ်သော ပစ္စည်းများဝယ်ယူခြင်း (ဥပမာ- သံထည်အမျိုးမျိုးရောင်းသော ဆိုင်များတွင် ထန်းလှီးဓား ၊ ထွန်တုံးထွန်ဆံများ ၊ လယ်ယာမြေတွင် အသုံးပြုသော သံထည်အမျိုးမျိုး ခြင်းများ) ကိုပြုလုပ်ကြသည်။ ညအခါတွင် ပွဲပျော်ရွှင်ပွဲများ အနေဖြင့် မန္တလေးဇာတ်သဘင်များ ၊ အငြိမ့်သဘင်များ ကြည့်ရှု့ခြင်းများကို လည်းပြုလုပ်ကြသည်။

ပြာသိုလ်လပြည့်နေ့တွင် အာနန္ဒာဘုရားကြီး ရင်ပြင်တော်၌ ဆောက်လုပ်ထားသော ဆွမ်းသပိတ် မဏ္ဍပ်ပေါ်တွင် ရပ်နီးရပ်ဝေးမှ ဆွမ်းသပိတ်အလှူရှင် များမှ လှူဖွယ်ပစ္စည်းများ၊ ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောရွာမှ တောင်သူဦးကြီးများမှ ကောက်ပဲသီးနှံများ အစရှိသည့် လာရောက်လှူဒါန်းသော ဆွမ်း သပိတ်များကို ဆွမ်းသပိတ်မဏ္ဍပ်ပေါ်တွင် ထားရှိ၍ ပုဂံမြို့ပေါ်ရှိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်းများ အပါအဝင် အာဂန္တု ရဟန်းသံဃာ အပါး (၁၀၀၀) ခန့်ကို အလှူရှင်များလှူဒါန်းထားသော ဆွမ်းသပိတ်များကို လောင်းလှူပွဲကြီးကို ကျင်းပပြုလုပ်ပါသည်။ အာနန္ဒာဘုရားပွဲတော် (ပြာသိုလ်လပွဲတော်) အချိန်အခါသည် ကောက်ပဲသီးနှံများ ပေါ်အပြီး ရောင်းချကာ တောင်သူဦးကြီးများ ငွေရွှင်ပြီး ပြုံးပျော်သော ကာလတခုဖြစ်သကဲ့သို့ လှူဖွယ်ပစ္စည်းများလည်း ပေါများသော အချိန်အခါ ကာလတခုဖြစ်နေပါသည်။ ၁၂ လရာသီပွဲ လိုက်လံရောင်းချသော ဈေးသည်များအနေဖြင့်လည်း ဈေးရောင်းချ၍ အကောင်းဆုံးပွဲတော်အဖြစ်လည်း နာမည်ကျော်ကြားပါသေးသည်။ ယခုအခါ အာနန္ဒာဘုရားကြီးဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပပြုလုပ်လာခဲ့သည်မှာ (၉၃၂) ကြိမ်ရှိခဲ့ပြီဖြစ်ပါသည်။